ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)သို့ Generation Waveမှ သွင်းသော ငြိမ်းချမ်းရေးဆိုင်ရာသဘောထားများစာတမ်း

Image

3 months ago

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)သို့ Generation Waveမှ သွင်းသော

ငြိမ်းချမ်းရေးဆိုင်ရာသဘောထားများစာတမ်း

ရက်စွဲ။​။ ဇူလိုင်လ ၂၆-၂ရရက် ၂၀၁၈ခုနှစ်


နိုင်ငံရေးပဋိပက္ခများ၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်စနစ်


မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်ကာလများမှစ၍ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်သည် ယနေ့ထက်တိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ နှစ်ရဝကျော်သက်တမ်းရှိပြီဖြစ်သော ပြည်တွင်းစစ်သည် လူနည်းစုအရေး၊ အမျိုးသားတန်းတူညီမျှရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ဆိတ်သုဉ်းကင်းမဲ့မှုများမှ မြစ်ဖျားခံခဲ့သည်။ ၁၉၆၂ခုနှစ် စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးသည့်နောက်တွင် မြန်မာ့နိုင်ငံရေး ပဋိပက္ခများနှင့် ပြည်တွင်းစစ်အကြား စစ်အာဏာရှင်စနစ်က ပေါ်ပေါက်နေရာယူလာခဲ့သည်။ ယနေ့ကာလတွင်မူ စစ်အာဏာရှင်စနစ်သည် မြန်မာ့နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်၏ ဗဟိုချက်မ ပြဿနာရင်းမြစ်ဖြစ်လာသည်ကိုတွေ့ရသည်။


လွတ်လပ်ပြီးစကာလ နိုင်ငံရေးအယူအဆကွဲလွဲမှုများနှင့် အမျိုးသားတန်းတူညီမျှမှုမရှိခြင်းများကို ဒီမိုကရေစီနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသောကြောင့် လက်နက်ကိုင်နည်းလမ်းများကိုင်စွဲကာ ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ရပြီး၊ ပြည်တွင်းစစ်အကြောင်းပြ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများက (အကြောင်း) စစ်အာဏာရှင်စနစ်က (အကျိုး)ဟု အစတွင်ယူဆနိုင်သော်လည်း၊ ယနေ့ကာလတွင်မူ စစ်အာဏာရှင်စနစ်က အဓိကအကျဆုံးအကြောင်းတရား ဖြစ်လာပြီး အကျိုးဆက်အနေဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခြင်းနှင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကို ပြန်လည်မတည်ဆောက်နိုင်ခြင်းတို့ ဖြစ်ပေါ်လာရသည်။


၁၉၆၂ခုနှစ်မှ၂၀၁၀ ခုနှစ်ထိ စစ်အုပ်ချုပ်ရေးနှင့်တပါတီအာဏာရှင်အုပ်ချုပ်ရေး ကာလများသည် ၂၀၁ဝခုနှစ် အထွေထွေရွေးကောက်ပွဲမှစ၍ ဒီမိုကရေစီစနစ်ဆီ ပြန်လည်ဦးတည်လာသကဲ့သို့ အသွင်ဆောင်ခဲ့သည်။ သို့သော်လက်တွေ့တွင်မူ မြန်မာ့နိုင်ငံရေးတွင် နှစ် ၅ဝဆယ်နီးပါး တရားမဝင်ဖြစ်ထွန်းခဲ့သော စစ်အာဏာရှင်စနစ်ကို ၂၀၀၈အခြေခံဥပဒေဖြင့် တရားဝင်ထူထောင်လိုက်ခြင်းသာဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေသည် အပေါ်ယံကြည့်လျှင် အရပ်သားအုပ်ချုပ်ရေးနှင့် စစ်တပ်၏အခန်းကဏ္ဍကို မျှခြေတခုဖန်တီး၍ နိုင်ငံရေးလှုပ်ခတ်မှုများကို စစ်တပ်ကပါဝင်ထိန်းကျောင်းနိုင်ရန်သာ စီမံထားသည်ဟုထင်ရသည်။ သို့သော် အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အရပ်သားနိုင်ငံရေးတွင် စစ်တပ်က တစုံတရာပါဝင်ခွင့် ရယူထားခြင်းမျိုးမဟုတ်ပဲ စစ်တပ်ကြီးစိုးရေးဝါဒတွင် အရပ်သားအုပ်ချုပ်ရေးကို အစိတ်အပိုင်းတခုအနေဖြင့်သာ ထည့်သွင်းခွင့်ပြုထားခြင်း ဖြစ်ပေသည်။ ထိုအခြေအနေမှန်ကိုမြင်နိုင်ရန်မှာ အရပ်သားရ၅ရာခိုင်နှုန်းပါဝင်ပြီး စစ်တပ်က ၂၅ရာခိုင်နှုန်း ပါဝင်နေသည့် နိုင်ငံရေးစုဖွဲ့မှုအပေါ် အရေအတွက်ရှုထောင့်ထက် ကျော်လွန်၍၊ အရည်အချင်း (လုပ်နိုင်စွမ်း/လုပ်ပိုင်ခွင့်) ရှုထောင့်မှ ကြည့်ရမည်ဖြစ်သည်။ ဒီမိုကရေစီ၏အခြေခံအကျဆုံးသဘောတွင် အများစုဆုံးဖြတ်ပိုင်ခွင့်ကအဓိကဖြစ်သော်လည်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အခြားအရေးကြီး အချက်များကိုပြင်ဆင်ရန်တွင် အနည်းစုဖြစ်သည့် ၂၅ရာခိုင်နှုန်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိနေခြင်းမှာ စစ်တပ်ကြီးစိုးရေးဝါဒ၏ အထင်ရှားဆုံး သက်သေပင်ဖြစ်သည်။


ထို့ကြောင့် (နိုင်ငံရေးပဋိပက္ခများက အကြောင်း - ပြည်တွင်းစစ်က အကျိုး၊ ပြည်တွင်းစစ်က အကြောင်း - စစ်အာဏာရှင်စနစ်က - အကျိုး) ဖြစ်ခဲ့ရာမှ ယခုအခါ (စစ်အာဏာရှင်စနစ်က အကြောင်း - ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများက - အကျိုး) အသွင်သို့ သံသရာပြန်လည်လာခြင်းဖြစ်သည်။


ထို့အတူပင် ၂၀၀၈ အခြေခံဥပဒေသည်လည်း စစ်အာဏာရှင်စနစ်၏ အကျိုးဆက်တခုဟု သုံးသပ်မှုများရှိသကဲ့သို့၊ အခြားတဖက်တွင်လည်း အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ကကြီးစိုးနိုင်ရေးကို အခိုင်အမာခြေကုပ်ယူထားသဖြင့်၊ လက်ရှိကာလနှင့် အနာဂတ် နိုင်ငံရေးပြဿနာများ အတွက် ပင်မအကြောင်းရင်းတရပ် ဖြစ်လာသည်။ ထို့ပြင် စစ်တပ်ကြီးစိုးရေးဝါဒသည် နိုင်ငံရေးတွင်သာမက စီးပွားရေးကဏ္ဍများနှင့် ငွေကြေး အရင်းအမြစ်များကိုပါ သက်ရောက်နေသဖြင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့်ငြိမ်းချမ်းရေးတည်းဆောက်မှုအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိရောက်စွာ မဆောင်ရွက်နိုင်သည်ကိုတွေ့ရသည်။


ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်


၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်သည် လွန်ခဲ့သော ဆယ်စုနှစ်များနှင့် နှိုင်းယှဉ်လျှင် သာလွန် တိုးတက်မှုရှိသည်ဟု ရုတ်တရက် ထင်မြင်ရသည်။ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး အပစ်အခတ်ရပ်စဲရေးမှတဆင့် ငြိမ်းချမ်းရေးသို့ တက်လှမ်းရန် လမ်းစဉ်ချမှတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အထူးခြားဆုံးအချက်မှာ ယခင် စစ်အစိုးရများနှင့် မဆလအစိုးရလက်ထက်များတွင် မပြုလုပ်ခဲ့သော နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၄င်းအစိုးရ၏ နောက်ဆုံးလများတွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၈ဖွဲ့ဖြင့် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့သည်။


လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းနေသည့် တချိန်တည်းတွင်ပင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ ဖိနှိပ်သည့် ဥပဒေအချို့ပြင်ဆင်ပေးခြင်း၊ အဖွဲ့အစည်းများတည်ထောင်ခွင့်ပြုခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခွင့်ပြုခြင်းတို့ကဲ့သို့ ဒီမိုကရေစီကို ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်လည်းတွေ့ရသည်။

သို့ရာတွင် ဦးသိန်းစိန်အစိုးရအနေဖြင့် မည်မျှပင် ကြိုးစားစေကာမူ ပြုပြင်ပြောင်းလဲမှုအားလုံးသည် ၂၀၀၈ အခြေခံဥပဒေထက်ကျော်လွန်၍ မရနိုင်ပေ။ အလားတူပင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ကိုတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ဖွဲ့နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း လက်တွေ့ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ၂၀၀၈ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းစဉ်တွင် လိုက်ပါဆောင်ရွက်ရန်ဟူသည့် တပ်မတော်၏မူဝါဒကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အနားသတ် ဘောင်ခတ်ခံထားခဲ့ရသည်ကိုတွေ့ရသည်။


ထိုအချက်များကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရအသွင်ယူကာ ဒီမိုကရေစီရေးပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်ဟု ထင်မြင်ခဲ့ရသော်လည်း လက်တွေ့တွင်မူ ၂၀၀၈ အခြေခံဥပဒေဖြင့် အုတ်မြစ်ချထားသည် စစ်တပ်ကြီးစိုးရေးဝါဒကို တဆင့်ခြင်း တထပ်ခြင်း တည်ဆောက်နေခဲ့ခြင်းသာ ဖြစ်ပေသည်။


လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရလာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ယခင်အစိုးရက ချုပ်ဆိုခဲ့သော NCAစာချုပ်ကို ဆက်လက်တာဝန်ခံရပြီး၊ စာချုပ်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ရသည်။ ယခင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂၁ရာစုပင်လုံ)ဟု စကားလုံးသစ် ဖြည့်စွက်ခြင်းဖြင့် အမည်သစ်ပြောင်းလဲခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏အရေးပါဆုံး နိုင်ငံရေး ပဋိညာဉ်ဖြစ်သည့် ပင်လုံစာချုပ်မှ ပင်လုံ ဟူသည့်အမည်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် သုံးစွဲခဲ့သည်ကိုမူ ရှင်းလင်းစွာမသိရပေ။ ၁၉၄ရပင်လုံကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော်ရန်ဆိုလျှင် အလွန်ကောင်းသည့် ရည်ရွယ်ချက် ဖြစ်နိုင်သော်လည်း၊ ၁၉၄ရပင်လုံကတိကဝတ်များကိုသွေဖီ၍ (၂၁ပင်လုံ)ဖြင့် အစားထိုးလွှမ်းမိုးရာ ရောက်ခဲ့လျှင်မူ အလွန်အန္တရာယ်ကြီးမားပြီး လက်ခံနိုင်ဖွယ်ရာမရှိသည့်အကျိုးဆက်များ ပေါ်ထွက်လာနိုင်ပေသည်။ ထိုအချက်သည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထည့်သွင်း စဉ်းစားဖွယ်ရာ တချက်ဖြစ်သည်။


မျက်မှောက်ကာလတွင် ဆက်လက်ကျင်းပနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသည့် ခေါင်းစဉ်တိုင်းအတွက် အခြေခံမူများဆွေးနွေးရာတွင် စစ်တပ်၏မူ(၆)ချက်အနက်မှ တချက်ဖြစ်သည့် ၂၀၀၈အခြေခံဥပဒေအပေါ် အခြေပြု ဆွေးနွေးမှုများသည် အဓိကကျသည့် ဆွေးနွေးမှုတိုင်းအတွက် ရှေ့ဆက်မရနိုင်သည့် အတားအဆီးများ ဖြစ်လာနေသည်ကိုတွေ့ရသည်။


မကြာခင်ကကျင်းပခဲ့သော တတိယအကြိမ်(၂၁ရာစုံ ပင်လုံ) ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ပြောကြားခဲ့သော မိန့်ခွန်းမှ “၂၀၀၈ အခြေခံဥပဒေကိုပြင်လျှင် အခြေခံဥပဒေ အခန်း ၁၂ပါ အချက်များအတိုင်းသာ ပြင်ဆင်ရမည်” ဟူသည့်အချက်မှာလည်း လတ်တလောကာလ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ရှေ့ဆက်ရန်မျှော်လင့်ချက်ကင်းမဲ့စေသည့် အချက်တခုဖြစ်ပေသည်။ နိုင်ငံရေး အင်အားစုများအားလုံး နှစ်ရှည်လများပါဝင်ဆွေးနွေးနေကြရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီမှုများသည်၊ လွှတ်တော်အတွင်းတွင် အခြေခံဥပဒေပြင်ဆင်မှု ပြဌာန်းချက်များအတိုင်း ထပ်မံဆုံးဖြတ်အတည်ပြုရဦးမည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် မည်သို့မျှ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။


သုံးသပ်ချက်များ


ရှေ့တွင်တင်ပြခဲ့သည့်အချက်များနှင့် ချိတ်ဆက်လျှင် နိုင်ငံရေးပဋိပက္ခများဖြေရှင်းရေး၊ အမျိုးသားတန်းတူညီမျှမှု တည်ဆောက်ရေး စသည့်အကြောင်းများကြောင့် ဖြစ်ပေါ်လာသည့်ပြည်တွင်းစစ်ကို အဆုံးသတ်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဆောင်ရွက်မည်ဆိုသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများသည် စစ်တပ်ကြီးစိုးရေးဝါဒကို အခြေပြုထားသည့် ၂၀၀၈အခြေခံဥပဒေအောက်တွင် ဆက်လက်ရှေ့တိုး ခရီးပေါက်နိုင်ရန်မှာ စိတ်ကူးယဉ်မှုသာဖြစ်သည်ကို အထင်အရှား တွေ့နိုင်ပေသည်။


ထိုသို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကိုကျော်လွှားရန် NLD အစိုးရတွင် မူဝါဒများ၊ ဗျူဟာနှင့် နည်းနာများ ရှိနိုင်မည်လားဟု မျှော်မှန်းကြည့်သည့်အခါတွင်လည်း လက်ဆုပ်လက်ကိုင်ပြစရာ မည်သည့် အချက်မျှမတွေ့ရပေ။


ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိပင်မလမ်းကြောင်းဖြစ်သည့် NCAအခြေပြု (၂၁ပင်လုံ)တွင် ယခုကဲ့သို့ ဖြစ်ပေါ်နေသာ အကျပ်အတည်းများကို ဖြေရှင်းကျော်လွှားရန်ဆိုလျှင် ၄င်းပင်မလမ်းကြောင်း၏ မူဘောင်များအတွင်းမှ ဆက်လက်အဖြေရှာရန် မဖြစ်လွယ်ကူနိုင်တော့ပေ။ ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုမူဘောင်များသည်လည်း NCAစာချုပ်ကို အခြေပြုထားရသည်ဖြစ်ရာ၊ ယခုလက်ရှိ NCAစာချုပ် သဘောတူချက်များ အတွင်းမှလည်း အကျပ်အတည်းကို ဖောက်ထွက်နိုင်မည့်လမ်းမတွေ့ရပေ။


ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိအကျပ်အတည်းကို ကျော်လွှားရန်မှာ နည်းလမ်း၂ခုသာရှိသည်ဟု ယူဆရပေသည်။ ပထမနည်းလမ်းမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မချုပ်ဆိုပဲ၊ ကြိုတင်ကန့်သတ်ချက်များမရှိသည့် တိုက်ရိုက်နိုင်ငံရေးဆွေးနွေးမှု နည်းလမ်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ NCAစာချုပ်နှင့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ၂၀၀၈အခြေခံဥပဒေ၏ အကန့်အသတ်များမှ ကင်းလွတ်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြစ်လာအောင် ပုံစံသစ်ရေးဆွဲရေးတို့ဖြစ်သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များကို ၂၀၀၈ အခြေခံဥပဒေ၏ ကန့်သတ်ဘောင်ခတ်မှုများမှ ကင်းလွတ်စေပြီး ရှေ့ဆက်နိုင်ခဲ့မည်ဆိုပါက၊ ဆွေးနွေးပွဲများ၏ မျှော်မှန်းရလဒ်ဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်ပါ အခြေခံမူများသည် အနာဂတ် ပြည်ထောင်စုသစ်အတွက် ဖက်ဒရယ်နှင့်ဒီမိုကရေစီအနှစ်သာရများ အပြည့်အဝပါဝင်သော အခြေခံဥပဒေတရပ်ကို ပေါ်ထွက်လာစေနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းများစတင်ရေးတွင် ပိတ်ဆို့နေသည့် အတားအဆီးများကိုလည်း ဖယ်ရှား ရှင်းလင်းပြီး ဖြစ်ပေလိမ့်မည်။


နိဂုံး


နိဂုံးချုပ်အနေဖြင့်တင်ပြရလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတားအဆီးဖြစ်နေသည့် ၂၀၀၈အခြေခံဥပဒေ၏ အကန့်အသတ်များကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှဖယ်ရှား၍ ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တခု ပေါ်ပေါက်လာရေးအတွက် ၀ိုင်းဝန်း လက်တွဲပုံဆော်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းတင်ပြအပ်ပါသည်။


Generation Wave

https://www.facebook.com/permalink.php?story_fbid=10160895118915105&id=209504710104&__tn__=K-R