ကျည်ဆံတွေအစား ပန်းများပွင့်စေ

2 months ago

ကျည်ဆံတွေအစား ပန်းများပွင့်စေ


ကြွေခဲ့တဲ့ ကြယ်တွေဟာ
တစ်ကယ်တော့ ကျနော်တို့ရဲ့
လမ်းတွေပါ မေမေ
… … ကျခဲ့တဲ့ မျက်ရည်
အပြာရောင်ရနံ့တွေဝေ့လို့
ဘယ်လမ်းလျှောက်လျှောက်
ငြိမ်းချမ်းရေးပဲ မော့သောက်ချင်ခဲ့တာ

ရှင်သူအလောင်းတွေအကြောင်း
သေသူတွေက ရွက်ဆိုပြတဲ့အခါ
စတေးခဲ့သမျှ ပြန်တွေး
ဖိနပ်ပေါက်နေတဲ့ ခြေထောက်တွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ရိုးရိုးဖြောင်းဖြောင်း
ကျောအောင့်နေတဲ့ ပြည်သူတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

မိမဲ့ဖမဲ့ လူမမယ်လေးတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ယမ်းငွေ့တွေကြား
နာဖျားခဲ့ရ ဘဝတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

အိမ်မက်တွေခြောက်
သားသမီးပျောက်သွားတဲ့ မိဘတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ရင်ခွင်တွေပြို
အနာဂတ်ရေစိုးသွားတဲ့ သားသမီးတွေအတွက်
စတေးခဲ့သမျှ ပြန်တွေး

ကြွေခဲ့တဲ့ ကြယ်တွေ
ကျခဲ့တဲ့ မျက်ရည်
စတေးခဲ့သမျှ ပြန်တွေး

ကျနော် ငိုနေပြီမေမေ
စတေးခဲ့သမျှ ပြန်တွေး
စတေးခဲ့သမျှ ပြန်တွေး
ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ မေမေ….။

ဘုန်းလူ