မြောက်ဦးပဋိပက္ခအပေါ် သဘောထား ထုတ်ပြန်ချက်

မြောက်ဦးပဋိပက္ခအပေါ် သဘောထား ထုတ်ပြန်ချက်

ဇန်နဝါရီလ ၁ရ ရက်၊ ၂၀၁၈ခုနှစ်။

စာအမှတ် ၁/၂၀၁၈

ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၆ရက်က ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း၂၃၃နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်ရာ အထိမ်းအမှတ်အခမ်းအနားကျင်းပခွင့်ရရှိရန် မြောက်ဦးမြို့ရှိပြည်သူများမှ မြောက်ဦးမြို့နယ်ရဲစခန်းရှေ့တွင် စုဝေးတောင်းဆိုခဲ့ကြသည်။ ထိုသို့စုဝေးတောင်းဆိုမှုကို လူစုခွဲရန်အတွက် ရဲများမှသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ၉ဦးသေဆုံးပြီး အမြောက်အများဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းနေပြီး ပြည်သူများ၏လွတ်လပ်စွာစုဝေးခွင့်ထုတ်ဖော်ခွင့်တို့ကို အခြေခံဥပဒေမှ အစပြု၍ အာမခံထားပြီးဖြစ်သည်။ ထို့အပြင်ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)ကို ခေါ်ယူကျင်းပ၍ ငြိမ်းချမ်းအတွက် ဆွေးနွေးနေချိန်ဖြစ်သည်။ ငြိမ်းချမ်းရေးကြိုးပမ်းရာတွင် အခြေခံအချက်တခုအနေဖြင့် တိုင်းရင်းသားများ၏ဓလေ့ထုံးစံ စာပေယဉ်ကျေးမှုနှင့် သမိုင်းမှန်တို့ကို ထုတ်ဖော်ကျင့်သုံးခွင့်ရှိရန် မဖြစ်မနေလိုအပ်သည်။

ယခုမြောက်ဦးမြို့ပဋိပက္ခဖြစ်စဉ်တွင် လူအမြောက်အများသေဆုံးသည်အထိ ပစ်ခတ်နှိမ်နင်းခြင်းသည် ပြည်သူများ၏လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးတို့ကို မလေးစားဘဲ အကြမ်းဖက်ချိုးဖောက်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့်အစိုးရတာဝန်ရှိသူများအနေဖြင့် မြောက်ဦးပဋိပက္ခတွင်ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ခဲ့သူများအား အမြန်ဆုံးအရေးယူပေးရန်နှင့် ရခိုင်ပြည်နယ်သားများအားတောင်းပန်ရန် Generation Wave မှတောင်းဆိုအပ်သည်။

နောက်နောင်တွင်လည်း ပြည်သူများ၏အခြေခံလူ့အခွင့်အရေးများ၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံစာပေယဉ်ကျေးမှုနှင့်သမိုင်းမှန်တို့ကို လေးစားအသိအမှတ်ပြုရန် လေးနက်စွာတိုက်တွန်းသည်။